| ယမ်းဘီလူး |
|
ဝဋ်တစ်ခုပါပဲ ကလေးရေ ... အဲ့ဒီ “ဘဝ” ဆိုတာကြီးများ နားလည်အောင် ကြိုးစားပလားဆိုရင် ... စကြာဝဠာကြီးထဲမှာ တို့ရဲ့ လူ့အဖြစ်ဟာ သေးငယ်လိုက်ပုံများ ...! (၃) ငှက်တွေတောင် နံနက်ခင်းကို မှတ်မိနေကြပေါ့ ...။ ဂန္တဝင်မြောက်ပါသကွဲ့ သံတိုမယ်န နည်းနည်း ရေခဲတုံးနည်းနည်း ပြီးတော့ ... ရောင်စုံခဲတံတွေ ... ငါတို့ ခေါင်းထဲ ထိုးထည့်နေတာ ...။ စိတ်ညစ်နေလား ကလေးရေ ကိုယ်ဆွဲတဲ့ ပန်ချီကား ကိုယ်ပဲ လက်မှတ်ထိုးရမှာ ပန်းချီကားဘက်ကတောင် “နာ” တယ် (ဒါ့ထက် သိမ်ငယ်စရာ ဘာဆိုဘာမှ မရှိတော့ပါဘူး) ဟောဒီ အရူးက နံနက်ခင်းကို စုဗူးထဲ ထည့်ထားပြီး အဝကျဉ်းကျဉ်းကလေးကနေ ချောင်းချောင်းကြည့် ဘယ်တော့မှ မမှတ်မိနိုင်ပုံလေ ...။ ဂန္တဝင်မြောက်ပါသကွဲ့ ငါ့ရဲ့ စုဗူးထဲက နံနက်ခင်း ငါ့ပန်းချီကားထဲမှာ အလိုလိုလင်းပနေလိုက်ပုံ! ငါရေးထိုးထားတဲ့ လက်မှတ်ကပဲ နုံချာနေနေရော့တယ် ... ဝဋ်တစ်ခုပါပဲ ကလေးရေ ... အဲဒီ “ဘဝ” ဆိုတာကြီးများ နားလည်အောင်ကြိုးစားပလားဆိုရင် ... (၄) “သူမ” နဲ့ “သူ” နဲ့ နှစ်ယောက်ချင်း ဆံပင်တွေကို ချည်နှောင်ကြ ကိုယ့်ရင်ဘတ်ကိုယ် ကြိုးတပ်လို့ ကိုယ့်ဖာသာကို တယောထိုးပစ်၊ စကားလုံး အသစ်တွေ ဖောဖော သီသီသုံးပြီး တို့နားမလည်တဲ့ အရာတွေအားလုံးကို အဲဒီ အမှိုက်ပုံးထဲ တွန်းချဖို့ကြိုးစား ...။ ကလေးရေ ... ဒါ ... မရိုးသားမှုပါကွဲ့။ အဲ့ဒါကို .. ချစ်ကြ! ချစ်ကြ! ချစ်ကြ! ခြုံစရာရှိတုန်း ချမ်းနေကြတဲ့ လူတွေလေ ... မြင့်မြတ်စွာ အောက်တန်းကျနေလိုက်ပုံများ ရေစုပ်ဝဲကြီးများတောင်ဖြစ်လို့ ...! ကလေးရေ ... ရေဆန်ကို ဖြောင့်ဖြောင့်ကူးနေလို့ကတော့ မင်း ... အဲဒီ “ဝဲ” က လွတ်မှ လွတ်ပါ့မလားကွယ် ... စကြာဝဠာကြီးထဲမှာ တို့ရဲ့ လူ့အဖြစ်ဟာ သေးငယ်နေလိုက်ပုံများ ...! (၅) လက်ဖက်ရည်ခွက်ထဲ ကျပြီး သေနေတဲ့ယင်ကောင်ဟာ “ငါ” ပါပဲ။ ၂၅ နှစ်လုံးလုံး ညစ်ပတ် ပန်းကန်ထဲမှာတောင် ရောဂါပိုးမွှားတွေ ကပ်ငြိကျန်နေခဲ့လောက်ရဲ့၊ (ဆေးရုံတစ်ရုံလောက်များမှာပ ... ကုသဗေဒ များသလောက် ... ရောဂါပိုးမွှား များပုံတွေ) ငါ ...၊ ငါ့ မဟာမိတ် ...၊ ငါ့ရန်သူ ... အားလုံး နာတာရှည် ရောဂါသည်ချင်း အတူတူပါပဲလေ။ ငါတို့တွေ ကိုယ့်ကိုယ်ကို မှတ်မိကြပြီလေ (ငှက်တွေ နံနက်ခင်းကို ရင်းရင်း နှီးနှီး မှတ်မိပုံမျိုး) ငါတို့ မသိတာတွေ ... များ၊ ပြီးတော့ ... သိသွားမှာပ။ သိအောင် ဘဝကိုစာမေးပွဲစစ်ကြ ပြီးတော့ ... ရလာသမျှ အမှတ်စာရင်းတွေကို ခြေစုံပစ်ပြီး ယုံလိုက်။ အင်းပေါ့လေ ... ငါတို့ရဲ့ စိတ်တွေ မီးဖွားရဲရဲ အစီခံ ဘယ်တော့ရောက်မလဲ ? ??? သတ္တိရှိရှိ ကြောက်လန့်နေ။ ဝဋ်တစ်ခုပါပဲ ကလေးရေ အဲဒီ “ဘဝ” ဆိုတာကြီးများ နားလည်အောင် ကြိုးစားပလားဆိုရင် ... (၆) အား ??? ကွယ်လွန်သူတို့ရေ ... ငါတို့ရဲ့ ဆံပင်တွေနဲ့ လွမ်းသူ့ပန်းခွေတစ်ခွေ ယက်ပို့လိုက်ပါရဲ့၊ ကော့ပါးနီးကပ်(စ်) ကတော့ ကမ္ဘာကို တစ်ပတ်ပြီးတစ်ပတ် လည်စေခဲ့ပြီ ... ဟောဒီ ငတိတွေမှာသာ အဝါရောင် ချွဲပျစ်ပျစ်နဲ့ နေမကောင်းဖြစ်လို့ ကျန်ခဲ့တုန်း ...။ ခက်တယ် ... ကလေးရေ စကြာဝဠာကြီးထဲမှာ တို့ရဲ့ လူ့အဖြစ်ဟာ သေးငယ်နေလိုက်ပုံများ ...! (၇) တေ့ဆက်ဆက်ထားတဲ့ အဟောင်းအနွမ်းတွေကြားမှာ လှေခါးတစ်ခုလို ငါငြီးငွေ့နေခဲ့။ ငါတို့ ဘာတွေကို ယူလာခဲ့သလဲ ??? ငါတို့ ဘာတွေကို ထားခဲ့မှာလဲ ??? တို့ ... မသိဘူး ပြန်သတိရမိ။ ငယ်ငယ်တုန်းက ကြုံးဝါးခဲ့ဖူးတာ “ကမ္ဘာလုံးကို အံစာတုံးလို ခေါက်ပြလိုက်မယ် ... မီးတောက်ကို ဘယ်သူ ဇောက်ထိုးထားလို့ရမှာလဲ !” ဒါနဲ့ပဲ ...၊ ကုန်သည်လေထဲ ငှက်တွေ ရင်ကော့ တိုးဝင်လာတဲ့ပုံ ငါ ... ယုံယုံကြည်ကြည် ငေးကြည့်နေဖြစ်ပြန်ရော ...။ (၈) ကလေးရေ ... ချိန်ခွင် တစ်ဖက်တစ်ချက်စီမှာ မင်းနဲ့ငါ ဝင်ထိုင်ကြမယ်၊ ပြီးတော့ ... မင်းနဲ့ငါ ခွဲခွာကြမယ် ပြီးတော့ ... နောက်ဆယ်နှစ်ကြာတဲ့အခါ မင်းနဲ့ငါ ပြန်ဆုံကြမယ်လေ ...၊ ပြီးတော့ ... လိုအပ်ပစ်လိုက်ကြမယ် !! ကွန်ပါဗူး အသစ်ကျပ်ချွတ်လို သပ်ယပ်မှုမျိုးနဲ့ ငါတို့ဟာ (အဲဒီအခါ) ကမ္ဘာကြီးတစ်ခုလုံးကို လိုအပ်ပစ်ကြတာပေါ့ ... ။ ယုံတယ် မဟုတ်လား ... တခြားလူ မဟုတ်ပါဘူး .. ငါပါ! ငါပါ! ငါပါကွဲ့! နတ်ရေကန်ထဲ ပစ်ချခံရတာ မဟုတ်ပါဘူး၊ ခြေစစ်ပွဲမှာတောင် ပယ်နယ်တီ ဆယ်ခါကန်ခဲ့ရတဲ့ကောင်ပါကွဲ့ ...။ ဟေ့ ... လာ!! မျက်လုံးနဲ့ မေးရိုးတွေမှာ သေချာမှုတစ်ခုရဲ့ မာနနဲ့ မီးလျှံတွေ တောက်ပ၊ ဒဿမ ရှာမရတော့တဲ့အထိ ငါတို့ ချွန်မြိပစ်လိုက် ... ကြ ... ရ ... အောင်!! (၉) စကြာဝဠာ ကြီးထဲမှာ “လူ” လာဖြစ်ကြတဲ့ (ကောင်လေးနဲ့ ကောင်မလေး) အဲဒီ သေးသေးကွေးကွေးလေး နှစ်ယောက်ဟာ ဘာဆိုဘာကိုမှ မကြောက်တတ်ကြပါဘူး။ ... ... ... ကလေးရေ ... ကျောက်တောင်ကြီးတွေကိုတောင်မှ ဖြိုပစ်လိုက်နိုက်တဲ့ အဲဒီ “ဒိုင်းနမိုက်” ဆိုတာလည်း အထုပ်သေးသေးလေးတွေပဲ မဟုတ်လားကွယ် ...။ 1 Nov 1998 |
