|
 အဲဒါ ... မနေ့ကတင် ဖြစ်ခဲ့တာပါ - - -
ကြေကွဲခြင်းဆိုတဲ့ နတ်သမီးတစ်ပါးက ငါနဲ့လက်ထပ်မလား ... လို့ ကမ်းလှမ်းလာတယ် ...
ငါ့ကို လာကြိုတဲ့ ဖယ်ရီကားကလည်း ငါ မပါဘဲ ထွက်ခွါသွားခဲ့ပြီ ...
ကျေးဇူးပြုပြီး ငါ့ကို ခပ်တိုးတိုး ရီ(ရယ်)ခွင့်ပြုပါ။
ရေကန်က အသင့်ဖြစ်နေပြီလေ ... ကြာတွေက မပွင့်သေးတာပါ၊ မေးခွန်းကိုသာ ရွေးချယ်ခွင့်ရမယ်ဆိုရင် ငါလည်း စာမေးပွဲဝင်ဖြေချင်တယ် ...။ တစ်ချို့လူတွေက ရှာဖွေတွေ့ရှိကြ ... တစ်ချို့လူတွေက ကောက်ရကြ။
တစ်ချို့လူတွေက စုဆောင်းကြ ... တစ်ချို့လူတွေက ရှေ့ဆက်လျှောက်ကြ။
အားလုံးမှာ တံခါး နှစ်ပေါက်စီရှိတယ်၊ လှေခါး နှစ်စင်းစီရှိတယ်၊ (ထပ်ပြောလိုက်ဦးမယ် ...) အားလုံးရဲ့ နာရေးခရီးကိုလည်း နှစ်မျိုးနှစ်စား စီစဉ်ထားပြီးသားရှိတယ် ...။
ငါက အမှန်တရားရဲ့ မျက်နှာကို တစ်ရွာထင်ခဲ့သူပါ ...။
ကလေးဘဝ ... လက်ရေးလှ စာအုပ်ထဲက ဝလုံးရွဲ့စောင်းစောင်းလေးကို နဂါးခေါင်းလှည့်တဲ့ နေရာတည့်တည့်မှာမှ ငါ ချရေးခဲ့မိသလား မပြောတတ်ပါဘူး။
စိတ်ကူး ကျဉ်းကျဉ်းလေးထဲမှာမှ ခြေလှမ်းတွေက ကျဲခဲ့တယ် ... ဘာတတ်နိုင်မှာလဲ ...
ဒါ ... “ချိန်းဆိုချက်”တစ်ခုပါ ငါ ရောက်အောင် လာခဲ့တယ် ...
ဘယ်သူ့မျက်နှာကိုမှ လျှာနဲ့လျက်ဖို့မဟုတ် ငါ့ အလုပ်က လမ်းမှာ တွေ့ရသမျှ မီးအိမ်တွေကို လိုက်လံ ထွန်းညှိဖို့ပါပဲ ...။
လူတွေ ... လူတွေ ... လမ်းလျှောက်ရင်း သေနေကြ မြင်မြင်သမျှ အရာအားလုံးဟာ သားဆိုးမအေ ဆန်လို့၊ “ဘာဖြစ်တာလဲ ...? ဘာဖြစ်တာလဲ ... ? အဲဒါ ဘာဖြစ်နေကြတာလဲ ...?”
အမေးအမြန်းထူတဲ့ ကလေးတစ်ယောက်လို ငါ ... စပ်စုမိ။ နောက် တစ်နာရီလောက်အထိ ဖြစ်ဖြစ်တော့ လူတန်းစေ့အောင် အသက်ရှူလိုက်ကြစမ်းပါ ... ဘာကို စိုးရိမ်နေကြတာလဲ ...?
ဟစ်တလာတောင်မှ သူ့ရဲ့ စစ်ပွဲခရာကို ခုထိ မမှုတ်ရသေးဘူးလေ.. တတိယကမ္ဘာစစ်မဖြစ်ခင် မိနစ်(၆၀)လောက်တော့ ငါတို့ ကော်ဖီသောက်ချိန် ရပါသေးတယ်။
မိုးခေါင်သလိုမျိုး ဆောင်းကကော မခေါင်နိုင်တော့ဘူးတဲ့လား! - - -
တစ်ခါတရံ ငါ ... ကြေးစားဆန်ပစ်လိုက်တယ် ကံကြမ္မာက ဘုရားထူးတာ ခံကြည့်ဖူးချင်လို့ ...။
ဒါပေမယ့် ... အိပ်ယာကသာ အကြိမ်ကြိမ် ထခဲ့ရတယ် နိုဝင်ဘာကတော့ ရောက်မလာခဲ့ဘူး။
အဲဒီလို....သိပ်အကြောင်းမထူးတဲ့အခါ ကြေးစားဘဝကို ငါ ငြီးငွေ့လာပြန်ရော ...။
အရှုံးတွေကို တံဆိပ်ခေါင်းလို တယုတယ စုနေခဲ့တုန်းကတော့ ရာသီဥတုက ကိုယ့်ဖက်ပါခဲ့တယ် ...
ကြည့်စမ်း !!! ငါဟာ မိမွေးတိုင်း ဖမွေးတိုင်းကိုက လွမ်းသူ့ပန်းခွေဆန်ခဲ့ရတဲ့ကောင်ပါ။
“ဘဝပေးပြီး ရွေးရမယ်” တဲ့ နိုဝင်ဘာရဲ့ ကြေးက ကြီးတယ် ...
(လဲပြီးသေလိုက်ကြပါလား အမျိုးကောင်းသားတို့ရေ ...) “အမှန်တရား”ဆိုတဲ့ ငနဲကလည်း ပြဇာတ်မင်းသား ဆန်နေလိုက်တာ ... သူ့ကို လူပြောသူပြောများတာ တစ်ခုတည်းနဲ့ပဲ အကျေနပ်ကြီး ကျေနပ် ကိစ္စပြတ်နေတော့တာပဲ။
နာကျည်းစရာ မကောင်းပါဘူး ... ပျင်းစရာပဲ ကောင်းနေသေးတော့ရဲ့ ...။
ငါ့ မွေးနေ့ကို ခရီးဦးကြိုပြုဖို့မလို၊ ငါ့ ဈာပနကိုလည်း ကျင်းတူးပေးဖို့ အကြောင်းမရှိ၊
ငါ့မျက်လုံးတွေ ပျင်းရိပျင်းတွဲ အေးစက်တတ်ဖို့နဲ့ သွေးမပျက်တတ်သူတွေသာ နောက်ဆုံးမှာ အသက်ရှင်ကျန်မယ့်အကြောင်း ကြေးစားဘဝက ငါ့ကို ကောင်းကောင်းသင်ကြားပေးခဲ့ပြီ ...။
မီးကုန်ယမ်းကုန် အိပ်စက်ခဲ့တာတောင်မှ အိပ်မက်တွေက မစို့မပို့နဲ့ကောင် ...။ (ကိုယ့်ကိုယ်ကိုယ် လှောင်တာ မဟုတ်ဘူး၊ ဒါပေမယ့် ...) အသံထွက်အောင်ကို ငါ ရယ်လိုက်မိတော့တယ် ...
ငါ ... ပုံပျက်ပန်းပျက် ငါ ... ပြောင်းတိပြောင်းဆန် ငါ ... ကျွမ်းထိုးမှောက်ခုံ အဲဒီလိုဖြစ်နေတဲ့ ငါ့ပုံကို ကော်ဖီခါးခါးတစ်ခွက်ငုံလို ငါထိုင်ကြည့် ပုခုံးလေးတောင် တွန့်ပြခဲ့မိသေးတယ်။
နိုဝင်ဘာနဲ့တူတဲ့ ကောင်မလေးရေ ...
မင်းရဲ့ အနမ်းတွေကို စာချုပ်စာတမ်းနဲ့ မွေးစားချင်တယ် ...
မင်းဘက်က အဆင်သင့်ဖြစ်ရင် အကြောင်းကြားလိုက်ပါ၊
ငါစီးမယ့်ရထားက ပြဿဒါးနေ့မှ ထွက်မှာ ဖြစ်ပါတယ်။
Jun 2004
|
Your are currently viewing: