|
 မေမေရယ် .. စိတ်မပူပါနဲ့၊ သား .. အဝေးကြီးမသွားပါဘူး အခန်းနံပါတ် (302) တင်ပါ ..။
မေမေရယ် .. အဲဒီ ဟိုတယ်ခန်းလေးထဲမှာလေ လိမ္မော်သီးစိပ်လေးတွေ နွှာထားတဲ့ အဖြူရောင် ပန်းကန်ပြားတစ်ချပ်ရှိတယ်၊ သားနဲ့ သူမ အတူတူ ဖွာရှိုက်ခဲ့ကြတဲ့ စီးကရက်တို တစ်စလည်းရှိတယ်၊ ဟုတ်ကဲ့ .. သား .. အဝေးကြီး မသွားပါဘူး မေမေရယ်၊
သေပြီးခါစ အလောင်းရဲ့ မျက်နှာပေါ် အုပ်လွှမ်းလိုက်တဲ့ အဝတ်စလိုမျိုး နှစ်သိမ့်မှုတွေရယ် ..၊ မွေးကင်းစ ကလေးငယ်တစ်ယောက်ရဲ့ အနံ့အသက်လိုမျိုး နွေးထွေးမှုရယ် ..၊ အဲ့ဒီအခန်းလေးဟာ တကယ်နေပျော်တယ် မေမေ၊
ကမ္ဘာကြီးနဲ့ ဝေးရာကို ထွက်ပြေးချင်တိုင်း သားလေ (302) ဆိုတဲ့ အခန်းသော့လေးတစ်ချောင်း အတွက် အိမ်မက်တွေကို ယက်ယက်ပြီး လိုက်ရှာရသေးတယ် .. အဲဒီ တွင်းအောင်း သတ္တဝါလေးတစ်ကောင်ဟာ ကျွန်တော်ပေါ့ ..။
အဲဒီ ဟိုတယ်အခန်းထဲက တီဗီမှာ ခပ်ညံ့ညံ့ ရုပ်ရှင်ကားတစ်ကား လာနေတယ်၊ သူတို့ တစ်ခုခုကို လိမ်ညာရောင်းချနေကြတယ် .. မေမေ
အဲဒီ အခန်းလေးထဲမှာပဲ ဘောလုံးပွဲ တစ်ပွဲကန်ကြတယ် .. လူတွေ အော်ဟစ်ကြ၊ လူတွေ ဒေါသထွက်ကြ လူတွေ အားပေးကြ၊ လူတွေ ဆဲရေးကြ အောင်ပွဲခံတဲ့ အသင်းက လက်တွေဝှေ့ရမ်း ကွင်းစိမ်းစိမ်းကို နမ်းရှုံ့လို့ ... ဒါနဲ့ .. သား တီဗီကို ပိတ်ပစ်လိုက်တယ်၊ ဖျားနာမှုကိုပဲ ချော့သိပ်တော့မယ် မေမေရယ် ...
ဘယ်သူဟာ နွေဦးကို ပူဇော်ခဲ့ဖူးသလဲ ..၊ ကျွန်တော်ကတော့ သတိရခြင်းကိုတောင် တိုးတိုးကလေးပဲ ညည်းတတ်တယ် ..
အခန်းထဲမှာ တယ်လီဖုန်းသံ မြည်လာတယ် “တီ ... တီ ... တီ ... ...” ဖုန်းကို ကောက်မကိုင်ဖြစ်ဘူး၊ ဒီအတိုင်းပဲ ငေးကြည့်နေလိုက်တယ်။ တစ်စုံတစ်ယောက်ဟာ ငါ့ကို ခေါ်နေရှာပေါ့ ..
သူရဲကောင်းဆန်ခြင်းတွေကို အခန်းဝက ခြေသုတ်ခုံမှာ သုတ်ပစ်ခဲ့တယ်။ သူမရဲ့ နှုတ်ခမ်းကို နမ်းရှိုက်ပြီးတဲ့ အခါမှာတော့ ... ကြီးကျယ် ခမ်းနားမှုကိုပါ အိမ်သာကြွေခွက်ထဲ ပစ်ထည့်ပြီး “ဗွမ်း” ခနဲ ရေဆွဲချလိုက်တယ် ..။
ဘယ်အရောင်ကို အကြိုက်ဆုံးလဲ .. လို့ မေးတော့ “ပန်းနုရောင်ကို အကြိုက်ဆုံး..” တဲ့ သူမက ပြန်ဖြေတယ်၊ မနက်ဖြန်ကျရင် .. ရန်ကုန် - မန္တလေး လမ်းမကြီးတစ်ခုလုံးကို ပန်းနုရောင် သုတ်ပေးရဦးမယ် .. မေမေရယ်၊
အိမ်နီးနားချင်းတွေကို တွေ့ရင် ပြောပြလိုက်ပါ .. ကမ္ဘာပေါ်မှာ .. ပန်းနုရောင် စစ်စစ်ကို အခန်း(302) မှာသာ ရနိုင်တယ်ဆိုတဲ့ အကြောင်းပေါ့။
“ဟဲလို .. House Keeping ကပါ၊ သရီး အို တူး အတွက် မျက်နှာသုတ်ပဝါအသစ် လဲပေးရဦးမလားရှင် .. ” ဟင့်အင်း .. ၊ သွားစမ်းပါ .. လာမနှောက်ယှက်ကြနဲ့ .. အခန်း (302) ထဲမှာ သူမဟာ ငါ့ရဲ့ မျက်နှာသုတ်ပဝါလေးဖြစ်တယ်၊
အို .. ကမ္ဘာမြေကို ရှာဖွေ တွေ့ရှိသူတို့! ကိုလံဘတ်စ် .. တို့ ! သင်တို့နှင့် ငါ .. မပတ်သက်လို။ အခန်းနံပါတ် သုံးရာ့နှစ်ဟာ ငါတွေ့ရှိထားတဲ့ ကုန်းမြေ အသစ်ဖြစ်တယ်၊ ငါ့ရဲ့ ကိုလိုနီ ဖြစ်တယ်။ အဲဒီမှာ .. ခေါင်းအုံးလေးတစ်လုံးကို ဘုရင်ခံလုပ်၊ အနမ်းတွေနဲ့ ဓါးမိုးအုပ်ချုပ်မယ်။
သူမနဲ့ မှားယွင်းခွင့် ရတာကိုပဲ ကျေးဇူးတင်ရတော့မယ် .. သူမနဲ့သာ မမှားယွင်းခဲ့ရဘူးဆိုရင် အမှန်တရား ဆိုတာဟာလည်း သိပ်ကို အကျည်းတန်နေမှာ မို့လို့ပါပဲ၊ ကဲ .. သားကို သွားခွင့်ပြုပါ .. သိပ်အဝေးကြီးမှ မဟုတ်တာ အခန်းနံပါတ် (302) တင်ပါ .. မေမေ။
ငှက်တွေတောင် ညနေ အိပ်တန်းဆီ ပျံကြပြီလေ ငါကတော့ အခုမှ မျက်လုံးဖွင့်ကြည့်ရသူပါ .. “စောစောထ၊ သွားတိုက်၊ မျက်နှာသစ်..” လို့ ဖတ်စာအုပ်ထဲမှာ သင်ပေမယ့် စောစောမထလည်း .. မျက်နှာကတော့ သစ်ရတာပဲ မဟုတ်လား၊ ဘဝဆိုတဲ့ ဟာကသာ သေချာရင် (တီဗီမှာလို ..) မနက်ဖြန်အစီအစဉ်ကို ကြေငြာချင်ပါတယ်။
သူမရဲ့ ကိုယ်သင်းနံ့ဟာ ကြောင်ပေါက်စလေးနဲ့ တူတယ် ..၊ အခန်းနံပါတ် (203) ဟာ ကြောင်တစ်ကောင်စာ ကျယ်ဝန်းတဲ့ တိရိစ္ဆာန်ရုံ တစ်ရုံပေါ့။
အဲဒီအခန်းထဲမှာ .. လိမ္မော်ရောင် အလင်းဖျော့ဖျော့ ရှိတယ် .. မီးပူတိုက်ထားတဲ့ အိပ်ယာခင်း ဖြူဖြူရှိတယ် .. အစိမ်းနုရောင် ပြတင်းပေါက် ခန်းဆီးတွေရှိတယ် .. ကုတင်ဘေးက စားပွဲတင် မီးအုပ်ဆောင်း နားမှာလည်း တယ်လီဖုန်း လမ်းညွှန်စာအုပ် ရှိပါတယ် ..၊
မရှိတာဆိုလို့ တစ်ခုတည်းပါဗျာ၊ (ခင်ဗျားတို့ အဟုတ်ကြီးလုပ်ပြီး ပြော .. ပြောနေတဲ့) “ပန်းတိုင်” ဆိုတဲ့ ဟာပေါ့ ..။
ခင်းထားတဲ့လမ်းကိုလျောက်မှ “ခရီး” ဆိုတာ ရောက်သတဲ့လား။ ငါတို့ခြေထောက်တွေက လမ်းတွေနဲ့ မဆံ့တော့ စဉ်းစားရပြန်တယ် ..။
မုန်တိုင်း ဆီရေးတဲ့စာကို ဘာလိပ်စာမှ တပ်ဖို့ မလိုဘူး ..။ (ဒါကြောင့် ..) လေပြေလေညင်းကိုပဲ ဖတ်ပြလိုက်တော့တယ် .. မေမေရယ် .. စိတ်မပူပါနဲ့ သား .. အဝေးကြီးမသွားပါဘူး အခန်းနံပါတ် (302) တင်ပါ ..။
အခုလောက်ဆို .. သား ပြန်အလာကို သူစောင့်မျှော်နေရှာရော့မယ် (သားကို...) ခရီးသွားခွင့် ပြုပါ မေမေ ...။
2007 |